မြန်မာသံတော်ဆင့်သတင်းစာ

Home » သတင်း » ဦးမောင်အေးမိသားစု ကုသိုလ်တော် ကန့်ဘလူ မဟာရွှေစည်ကြီးစေတီ တပို့တွဲလ ဘုရားပွဲ ဆွမ်းလောင်းမည်

ဦးမောင်အေးမိသားစု ကုသိုလ်တော် ကန့်ဘလူ မဟာရွှေစည်ကြီးစေတီ တပို့တွဲလ ဘုရားပွဲ ဆွမ်းလောင်းမည်

ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး အငြိမ်းစားယူပြီး ကန့်ဘလူမြို့ ဂျီတီစီကျောင်းဖွင့်ပွဲ ကျင်းပရာသို့ ရောက်ခဲ့၊ သရက် ဧက ၁၀၀၀၊ ကျွန်းဧက ၁၅၀၀ ပိုင် အေးမြစိုး ဖောင်ဒေးရှင်း တည်ထောင် ဦးမောင်အေးမိသားစု ကုသိုလ်တော် ကန့်ဘလူ မဟာရွှေစည်ကြီးစေတီ တပို့တွဲလ ဘုရားပွဲ ဆွမ်းလောင်းမည်

ဦးမောင်အေးသည် ကျန်းမာရေးအရ ပြန်လည်သက်သာ ကောင်းမွန်ပါက ကန့်ဘလူမြို့သို့ လာရောက် မည်သာ ဖြစ်ကြောင်း၊ ဦးမောင်အေး၏ ကျန်းမာရေးကို စိုးရိမ်သူများက ကန့်ဘလူမြို့တွင် ဆုတောင်းပွဲပင် ပြုလုပ်ရန် ဆန္ဒရှိကြောင်း . . .

ကန့်ဘလူ၊ ဖေဖော်ဝါရီ ၆

စစ်အစိုးရ လက်ထက် နိုင်ငံတော်တွင် နံပါတ်(၂) ခေါင်းဆောင်အဖြစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်အတူ အနှစ် ၂၀ နီးပါး အာဏာရခဲ့သူ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် အငြိမ်းစားယူပြီးနောက် ၎င်း၏ဇာတိ စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့သို့ ကမ္ဘာကျော် နိုင်ငံတော် သူဌေးကြီးများ ဖြစ်ကြသော ဦးအောင်ကိုဝင်း (ကမ္ဘောဇ)၊ ဦးတေဇ(ထူးကုမ္ပဏီ)တို့ လိုက်ပါလျက်(၁၂-၁၂-၂၀၁၁)တွင် ရောက်ရှိခဲ့သည်။

ဒုတိယဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးမောင်အေးနှင့် ဇနီး ဒေါ်မြမြစန်းတို့ ၎င်း၏အစ်မ ဒေါ် အုန်းကြည်၊ အစ်ကို ဦးကျော်ညွန့်တို့ မိသားစုများနှင့်အတူ နှစ်စဉ် ကန့်ဘလူ မြို့ ရွှေစေတီ ဘုရားပွဲကျင်းပရာ တပို့တွဲလပြည့် ဆွမ်းလောင်းပွဲသို့ အာဏာရှိစဉ်ကပင် လာရောက် လှူဒါန်းလေ့ရှိရာ အတူလိုက်ပါလာသော နိုင်ငံတော် သူဌေးကြီးများနှင့် အစိုးရ အဖွဲ့ဝင်များ ပံ့ပိုးပါဝင်မှုဖြင့် ၂၀၁၀ ဇန်န၀ါရီ ၁ ရက်မှစ၍ ““အေးမြစိုး””ဖောင်ဒေးရှင်း တည်ထောင်ကာ၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ဘာသာရေးများ အတွက် ပရဟိတ လုပ်ငန်းအဖြစ် လုပ်ဆောင်လျက် ရှိသည်။

ကန့်ဘလူမြို့၊ အေးမြစိုးဖောင်ဒေးရှင်းရိပ်သာတွင် ဦးမောင်အေး တည်းခိုနေထိုင်သည့် အခန်းရှေ့၌ ငှက်ပျောပင် တွေ့ရစဉ်

အေးမြစိုး ဖောင်ဒေးရှင်းကို စတင်တည်ထောင်စဉ်က ဒုတိယ ဗိုလ်ချုပ်မှူးကြီး ဦးမောင်အေး အာဏာရှိဆဲ ဖြစ်ပြီး နာယက အဖွဲ့ဝင်အဖြစ် ဦးကျော်ညွန့်(အစ်ကို)၊ ဒေါ်မြမြစန်း (ဦးမောင်အေး၏ဇနီး)၊ ဒေါ်နန်းသန်းထွေး၊ (ကမ္ဘောဇဘဏ်)၊ ဦးတေဇ(ထူးကုမ္ပဏီ)တို့နှင့်အတူ ပါဝင်ခဲ့သည်။ ဖောင်ဒေးရှင်း ဥက္ကဋ္ဌမှာ ဒေါက်တာချမ်းငြိမ်း (ပညာရေးဝန်ကြီး)၊ ဒုဥက္ကဋ္ဌ ဦးသင်းလှိုင်၊ အတွင်းရေးမှူး ဦးဝင်းမြင့် (ယခုစီးပွားကူးသန်း ပြည်ထောင်စုဝန်ကြီး)၊ တွဲဖက် အတွင်းရေးမှူး ဦးသက်ကိုကိုကျော် (ကြံ့ခိုင်ရေးဌာနချုပ်၊ ဒေသရေးရာ ညှိနှိုင်းရေးမှူး)၊ ဘဏ္ဍာရေးမှူး ဒေါ်နန်းလိုင်းခမ်း (ကမ္ဘောဇ ဦးအောင်ကိုဝင်း၏သမီး)၊  စာရင်းစစ် ဒေါက်တာ စန္ဒာအောင်၊ အဖွဲ့ဝင်များအဖြစ် ဦးခင်မောင်လတ်၊ ဒေါက်တာခိုင်စိုးထွန်း၊ ဦးပြည်အောင်(၀န်ကြီး ဦးအောင်သောင်း၏သား)နှင့် ဒေါ်နန္ဒာအေး (ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး၏သမီး)တို့ ပါဝင်ကြသည်။

ဦးမောင်အေး အငြိမ်းစားယူပြီး နောက်ပိုင်း ဖောင်ဒေးရှင်း အမှုဆောင်အဖွဲ့ကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းပြီး လူသစ်များ လဲလှယ်ခဲ့သည်။ ““ယခုနှစ် ဖေဖော်ဝါရီ ၆ ရက်မှစ၍ အေးမြစိုး ဖောင်ဒေးရှင်းမှ မျက်စိကုသမှု အခမဲ့ ဆောင်ရွက်ပေးရန် အတွက် ဒေသခံ ၂၀၀၀ ကျော်ရှိကြောင်း၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် ဦးမောင်အေး၊ ဦးကျော်ညွန့် တို့ မိသားစုများ ကန့်ဘလူမြို့သို့ လာရောက်ပြီး မျက်စိကုသ လူနာများကို အားပေး လှူဒါန်းရန်နှင့် ကန့်ဘလူမြို့ မဟာရွှေစည်ကြီး စေတီတော် ဆွမ်းလောင်းပွဲသို့ ကုသိုလ်ပြုရန် အစီအစဉ်ရှိကြောင်း”” ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး၏အစ်ကို ဦးကျော်ညွန့်က မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။ အေးမြစိုး ဖောင်ဒေးရှင်း ရိပ်သာကိုလည်း  ကန့်ဘလူမြို့ထိပ်တွင် တည်ဆောက်ထားပြီး ဧည့်သည်တော်များ အဆင့်မြင့်မြင့် တည်းခိုနိုင်ရန် စီစဉ်ထားကြောင်းနှင့် ယခင်က ကန့်ဘလူမြို့တွင် ခုတင် ၂၅ ခုတင်ဆံ့ ဆေးရုံမှ အေးမြစိုး ဖောင်ဒေးရှင်း လှူဒါန်းမှုဖြင့် ခုတင် ၁၀၀ ဆံ့ ဆေးရုံ ဖွင့်လှစ်နိုင်ခဲ့ရာ ၄ နှစ်ခန့် ရှိပြီဖြစ်ကြောင်း၊ စတင် ဖွင့်လှစ်ချိန်က ခွဲစိတ်ကု လူနာများပင် ကုသနိုင်၍ အနီး ပတ်ဝန်းကျင် မြို့များမှ မုံရွာအထိသွားရန် မလိုတော့ဘဲ ကန့်ဘလူ ဆေးရုံ၌ပင် ကုသ ပျောက်ကင်း၍ လူနာ ၁၀၀ပင် ကျော်လွန်ခဲ့ကြောင်း၊ ယခုအခါ ဆေးရုံကို ပြန်လည်၍ ပြုပြင် မွမ်းမံကာ ပိုမို ကောင်းမွန်အောင် ဆောင်ရွက်ပေးမည် ဆိုပါက ဒေသအတွက် ကျန်းမာရေး အားကိုးစရာ နေရာကောင်း တစ်ခု ဖြစ်နိုင်ကြောင်း၊ အေးမြစိုး ဖောင်ဒေးရှင်း တည်ထောင်ရာ၌ ပါဝင်ခဲ့သူတစ်ဦး က  မြန်မာသံတော်ဆင့်သို့ ပြောသည်။

kks 6

ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေး အနားယူပြီးနောက်(၁၂-၁၂-၂၀၁၁)နေ့က ကန့်ဘလူမြို့ ဂျီတီစီကျောင်းဖွင့်ပွဲ ကျင်းပစဉ် လာရောက်၍ အခမ်းအနားမတက်ဘဲ စောင့်ဆိုင်းနေခဲ့ပြီး အုပ်ချုပ်ရေး အဖွဲ့များအား ဦးမောင်အေးမှ မြို့တွင်းလမ်းတစ်လမ်း ပြုပြင်လှူဒါန်းလိုကြောင်း မေတ္တာရပ်ခံပြောကြားခဲ့စဉ်

အေးမြစိုး ဖောင်ဒေးရှင်း စတင်တည်ထောင်စဉ် မတည်ငွေကျပ် ၁ ဘီလီယံနှင့် သရက်စိုက်ခင်း ဧက ၁၀၀၀၊ ကျွန်းစိုက်ခင်းဧက ၁၅၀၀ စီစဉ်နိုင်ခဲ့ကြောင်း၊ စိုက်ခင်းများအတွက် ကမ္ဘောဇဘဏ်နှင့် ထိုစဉ်က တိုင်းမှူး ဗိုလ်ချုပ်မြင့်စိုးတို့က အဓိက ပံ့ပိုး ဆောင်ရွက် ပေးခဲ့ကြောင်း၊  ယခုနှစ် ၂၀၁၄ မှစ၍ သရက်စိုက်ခင်းများမှ အမြတ်ငွေ ရနိုင်ကြောင်း၊ အထက်အညာအရပ် တောခေါင်အလယ် လှပ ဖွံ့ဖြိုးသော မြို့အဖြစ် ကြိုးပမ်း ခဲ့ကြသည့် ဦးမောင်အေး၊ ဦးကျော်ညွန့် မိသားစုများကို မြို့လူထုက ချစ်ခင် နှစ်သက်ကြပြီး ၄င်းလူကြီးများ အရှိန်အ၀ါ မလျော်မကန်သုံးမှု အချို့ကိုလည်း ရွံမုန်းကြကြောင်း ၎င်းက ထပ်မံပြောကြားသည်။

ဦးမောင်အေးသည် ကျန်းမာရေးအရ ပြန်လည်သက်သာ ကောင်းမွန်ပါက ကန့်ဘလူမြို့ မဟာရွှေစည်ကြီး စေတီတော် ဘုရားပွဲ ဆွမ်းလောင်းပွဲသို့ လာရောက်မည်သာ ဖြစ်ကြောင်း၊ ဦးမောင်အေး၏ ကျန်းမာရေးကို စိုးရိမ်သူများက ကန့်ဘလူမြို့တွင် ဆုတောင်းပွဲပင် ပြုလုပ်ရန် ဆန္ဒရှိကြောင်း၊ ယခုနှစ်အလှူသို့ ဦးမောင်အေး၏ မိသားစုဝင်များ လာရောက်ပါက ကန့်ဘလူမြို့ထိပ်မှ အိုးစည်ဒိုးပတ် ၀ိုင်းများဖြင့်လည်း ကြိုဆိုကြရန် ဆန္ဒရှိသူများလည်း ရှိကြောင်း မြို့ခံအချို့က ဖေဖော်ဝါရီ (၄)ရက်နေ့တွင် ကန့်ဘလူမြို့သို့ မြန်မာ သံတော်ဆင့်၏ သွားရောက် မေးမြန်းမှုကို ပြောကြား ခဲ့ကြသည်။

မဟာရွှေစည်ကြီး စေတီတော်ဘုရားပွဲကို တပို့တွဲလပြည့်၊ ဖေဖော်ဝါရီ(၁၄)ရက်တွင် ဆွမ်းလောင်းပွဲနှင့်အတူ ကျင်းပ ပူဇော်မည်ဖြစ်ပြီး ဦးမောင်အေး၏ အစ်ကို ဦးကျော်ညွန့် ကိုယ်တိုင် ကန့်ဘလူမြို့သို့ ကြိုတင်ရောက်ရှိ စီစဉ်နေကြောင်း သိရှိရသော်လည်း ဘုရားပွဲသို့ ဦးမောင်အေး ကိုယ်တိုင် ရန်ကုန်မြို့မှ လာရောက်ခြင်းရှိ၊ မရှိ သတင်းကိုမူ အတည်ပြု၍ မရသေးပေ။

ယမန်နှစ်က ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး မိသားစု၏ ကုသိုလ်တော် ကန့်ဘလူမြို့ မဟာရွှေစည်ကြီး စေတီတော် ဘုရားပွဲ ဆွမ်းလောင်းပွဲသို့ ဦးမောင်အေး ကျန်းမာရေးအရ မလာရောက်နိုင် ခဲ့သော်လည်း ပြည်ထောင်စု ၀န်ကြီးများ၊ တိုင်းဒေသကြီး ၀န်ကြီးချုပ် အပါအ၀င် အစိုးရနှင့် တပ်မတော်အရာရှိကြီးများ လာရောက်၍ လှူဒါန်းပေးခဲ့ကြသည်။

ကန့်ဘလူမြို့၊ အေးမြစိုးဖောင်ဒေးရှင်းပိုင် သရက်ဧက(၁၀၀၀)စိုက်ပျိုးနိုင်ရေးအတွက် တပ်မတော်အစိုးရလက်ထက် တိုင်းမှူးဗိုလ်ချုပ်မြင့်စိုး(ယခုဒုတိယဗိုလ်ချုပ်ကြီး) လာရောက်စီစဉ်ပေးခဲ့ပြီး အဆိုပါ စိန်တစ်လုံးသစ်ရက်ဧက(၁၀၀၀)ကို ကမ္ဘောဇသရက်စိုက်ပျိုးရေးစီမံကိန်းဖြင့်အကောင်အထည်ဖော်ခဲ့သည် (အောက်ပုံ)

မြန်မာသံတော်ဆင့်သတင်းအဖွဲ့


Leave a comment